ရာသီသွေးထဲမှာ အတုံးအခဲတွေပါတာ ဘာကြောင့်လဲ
အရွယ်ရောက်ပြီးတဲ့ မိန်းမပျိုလေးတွေတိုင်း စိတ်ညစ်တယ်ဆိုပေမယ့်လည်း အချိန်တန်လို့ မလာရင် စိတ်ပူနေရတဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ အပျိုဖော်ဝင်ချိန်မှာ အမျိုးသမီးလေးတိုင်း တွေ့ကြုံရတဲ့ ရာသီသွေးဆင်းတာပါ။ ရာသီသွေးဆင်းတာက မဆင်းရင် စိတ်ပူရသလို ဆင်းပြန်ရင်လည်း အတုံးအခဲတွေ ပါလာလို့ ဘာတွေများ ဖြစ်တာလဲဆိုပြီး စိတ်ပူရပါသေးတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးလေးတိုင်း စိတ်ပူမိကြတဲ့ ရာသီသွေးထဲမှာ အတုံးအခဲတွေပါလာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာနဲ့ စိုးရိမ်ဖို့ လိုမလားဆိုတာလေးတွေကို ဆွေးနွေးပေးသွားချင်ပါတယ်။
ရာသီသွေးထဲမှာ အတုံးအခဲတွေ ပါနေတာ ပုံမှန်ပဲလား?
ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတာက ပုံမှန်အားဖြင့်ကတော့ စိုးရိမ်စရာ မရှိပါဘူး။ အကြောင်းကတော့ ရာသီသွေး ဆင်းတယ်ဆိုတာက သားအိမ်ထဲမှာ ရှိနေတဲ့ နံရံ ကွာကျလာတာပါ။ သန္ဓေအောင်ဖို့ စောင့်ဆိုင်းနေတဲ့ မျိုးဥလေးက သန္ဓေအောင်မှု ဖြစ်စဉ် မအောင်မြင်လိုက်ချိန်မှာ ဆဲလ်သေတွေ၊ သွေးကြောလေးတွေက ပုပ်သွားပြီး သားအိမ်နံရံမှာ ကပ်တွယ်နေတဲ့ အကျိအချွဲတွေနဲ့အတူ ရာသီသွေးအဖြစ် ခန္ဓာကိုယ် ပြင်ပကို ထွက်လာတာပါ။
ပုံမှန်ကတော့ ရာသီသွေးတွေက သွေးအရည်လို ပုံစံမျိုးနဲ့ပဲ ဆင်းတာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ သွေးခဲမှုဖြစ်စဉ်ကြောင့် ရာသီသွေးတွေ ခဲသွားတာပါ။ သွေးခဲစေတဲ့ ပရိုတင်းလေးတွေက ခန္ဓာကိုယ်က သွေးထွက်မှုတိုင်းကို သွေးတိတ်အောင် လုပ်ဆောင်ပေးတာကြောင့် ရာသီသွေးဆင်းနေတာကိုလည်း ခန္ဓာကိုယ်က သွေးထွက်မ့ အဖြစ် သတ်မှတ်ပြီး သွေးခဲဖို့ လုပ်ဆောင်ပေးရင်းက သွေးခဲသွားတာပါ။ ဒါကဖြစ်နိုင်ခြေ တစ်ခုပေါ့။
နောက်တစ်ခုက ရာသီလာချိန်မှာ Pad တွေ အသုံးပြုမယ်။ အတွင်းခံ တင်းတင်းကျပ်ကျပ်တွေ ဝတ်ဆင်ထားတဲ့အခါ သွေးတွေက အကုန်လုံး အပြင်ကို ဆင်းမသွားဘဲ သားအိမ်ရဲ့ အောက်ခြေနားလောက်လေးမှာ သွားစုပြီး ကျန်နေခဲ့ပါတယ်။ ဒီကျန်နေခဲ့တဲ့ သွေးတွေက အခွင့်သင့်တဲ့ အခြေအနေ တစ်ရပ်ရပ်မှာ ခန္ဓာကိုယ် ပြင်ပကို ထွက်လာတာကြောင့် သွေးတုံးသွေးခဲ အနေနဲ့ ဆင်းလာတာပါ။
ပြီးခဲ့တဲ့လက အကုန် မဆင်းဖြစ်ဘဲ ကျန်ခဲ့တဲ့ သွေးတွေကလည်း ရာသီသွေး စဆင်းတဲ့ ရက်တွေမှာ ညိုပုပ်ပုပ်အရောင် သွေးခဲတွေ အဖြစ် ဆင်းတတ်ပါတယ်။ ဒါတွေက ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရာသီလာချိန်မှာ သွေးတုံးသွေးခဲတွေ ဆင်းစေရတဲ့ အခြေအနေတွေပေါ့။
ဘယ်လို အခြေအနေဆိုရင် စိုးရိမ်ရတဲ့ အခြေအနေလို့ သတ်မှတ်ရမလဲ?
ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါရင် ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ မလိုဘူးဆိုပေမယ့် အချိန်တိုင်းမှာတော့ မမှန်ပါဘူး။ သွေးခဲက အရွယ်အစား သေးမယ်။ ရာသီလာစ ပထမရက် ဒုတိယရက်တွေမှာ ဆင်းတာ ဖြစ်မယ်။ အရောင်အားဖြင့်က အနီရောင်ကနေ အနီရင့်ရောင် ကြားထဲမှာပဲ ရှိမယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။
ဒီလိုမှ မဟုတ်ဘဲ ရာသီသွေးဆင်းတာလည်း များမယ်။ သွေးတုံးသွေးခဲတွေလည်း ဆင်းနေမယ်။ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုး ဖြစ်မယ်။ ရာသီသွေးဆင်းတဲ့ ရက်တိုင်းမှာလည်း ဆင်းနေမယ်ဆိုရင်တော့ စိုးရိမ်ဖို့ လိုပါပြီ။ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
ဒီလိုပြောရတာက အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေနဲ့အတူ သွေးတုံးသွေးခဲတွေ ဆင်းတာက သားအိမ်ထဲမှာ အလုံးတည်နေတာ၊ သားအိမ်တစ်ရှူးတွေ နေရာမှားနေတာ၊ ဟော်မုန်း မမျှတတာမျိုး ဖြစ်နေတာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလိုမျိုး ကင်ဆာတွေ ခံစားနေရတာ ဖြစ်နိုင်သလို အိမ်ထောင်ရှိနေတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်နေနိုင်လို့ပါ။
ဒါကြောင့် သွေးတုံးသွေးခဲတွေ ဆင်းနေပြီဆိုရင် ကိုယ်တိုင်ရဲ့ အခြေအနေတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောချင်ပါတယ်။
မွန်မွန်
Unknow 14 Mar 2023 |
ရာသီလာရက်မှာရာသီမလာပဲနောက်ကျနေပါတယ် ရာသီလာနောက်ကျလို့၃ရက်လောက်ကျတော့ သွေးခဲတွေဆင်းနေပါတယ် ဒါကလဲ အိမ်သာတက်မှဆင်းတာပါ ဘာဖြစ်လို့ပါလဲ ရှင်းပြပေးပါ စိုးရိမ်းရလား မစိုးရိမ်ရဘူးလားဆိုတာ